
လူဖြစ်လာတော့လဲ လူ့လောကဆိုတာ ရှိလာပြန်ရော။ လူ့လောကထဲမှာ ရှိနေကြတဲ့ ကျနော်တို့ဟာ တစ်ယောက်ထဲ နေထိုင်လို့ မဖြစ်နိုင်ပြန်ဘူး။ အသင်းအဖွဲ့  မိတ်ဆွေသူငယ်ချင်းတွေ လိုအပ်လာပြီလေ။ မိတ်ဆွေတွေရဖို့ ကျပြန်တော့လဲ ဆက်ဆံရေး လိုအပ်လာပြန်ရော။ အဲဒီဆက်ဆံရေး ကိစ္စကို ဘယ်လို ဖြေရှင်းကြမလဲ။ အာလုံးက ဆက်ဆံရေး ကောင်းမွန်ချင်ကြတာချည်းပါဘဲ။
စကားပြောအလွန်ကောင်းတဲ့ ၀က်စ်တန် ချာချီတို့လို၊ မာတင်လူသာကင်း တို့လို ပုဂ္ဂိုလ်မျိုးတွေကို အားကျမိတာတော့အမှန်။
သူတို့ ဘာဖြစ်လို့ လူတွေနဲ့ ဆက်ဆံတဲ့အခါ လူတွေကိုစည်းရုံးရလွယ်ကူသလဲ။ စာရေးဆရာ Pauline Rowson ရဲ့  အချက်အလက်ကလေးတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရအောင်။ စာရေးဆရာရဲ့ အလိုအရ အောက်ပါအချက်အလက်တွေက သူတို့ကို စကားပြောကောင်း၊ ဆက်ဆံရေးကောင်းတဲ့ ပုဂ္ဂိုလ်များအဖြစ် ပို့ဆောင်ပေးခဲ့ပါတယ်တဲ့။ ။
အဲဒီအချက်တွေက ဘာတွေပါလဲ
၁။ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်ကို သိရမယ်။
၂။ ကိုယ့်အမူအယာ၊ ကိုယ့်စွမ်းရည်ကို ကိုယ်တိုင် အားရကျေနပ်မှု များစွာ ရှိရမယ်။
၃။ ကိုယ့်ရဲ့ ဘာသာရပ်ကို နားလည်ထားရမယ်။
၎။ ကိုယ့်ဘာသာရပ်အတွက် စွမ်းအင်၊ နှစ်သက်မှု၊ စိတ်ဝင်စားမှု အပြည့်အ၀ရှိရမယ်။
၅။ ရှင်းလင်းပြတ်သားတဲ့ အသံရှိရမယ်။
၆။ တည်ငြိမ်ပြီး ဆွဲဆောင်မှုအပြည့်ရှိရမယ်။
၇။ နားထောင်သူတို့ နားလည်နိုင်လောက်တဲ့ စကားလုံးကို သုံးစွဲတတ်ရမယ်။
၈။ ပြောတဲ့အကြောင်းအရာက နားထောင်သူနှင့် ပတ်သက်ဆီလျော်နေရမယ်။
၉။ ကိုယ်အမူအယာ (Body Lauguage) ကို ကောင်းစွာ အသုံးပြုပေးရမယ်။
၁၀။ နားထောင်မှုစွမ်းရည် ကောင်းမွန်ရမယ်။
၁၁။ မေးခွန်းပြုလုပ်ခြင်းနှင့်အနှစ်ချုပ်စွမ်းရည် ပိုင်ပိုင်နိုင်နိုင်ရှိရမယ်။
၁၂။ နားထောင်သူကို တန်ဖိုးထားရမယ်၊ အသိအမှတ်ပြုရမယ်၊ သက်တောင့်သက်သာ ဖြစ်စေရမယ်။
၁၃။ နားထောင်သူရဲ့  ခံစားမှုကို နားလည်မှု အရည်အချင်းရှိရမယ်။
၁၄။ ပွင့်လင်းရမယ်၊ အားပေးနိုင်မှုစွမ်းအင်နှင့်အကြံဥာဏ်ပေးနိုင်မှုစွမ်းအင် ရှိရမယ်။
၁၅။ လိုအပ်ရင် သင့်လျော်တဲ့ တုန့်ပြန်မှု ပြုလုပ်ပေးရမယ်။
၁၆။ ဘယ်သူ့ကို စကားပြောနေတယ်ဆိုတဲ့အပေါ် မူတည်ပြီး ဆီလျော်တဲ့စကားလုံးများဖြင့် ရင်းနှီးစွာ ပြောဆိုတတ်ရမယ်။
အဲဒါတွေ အားလုံးပိုင်ပြီဆိုရင်တော့ စကားပြောအကောင်းဆုံး၊ ဆက်ဆံရေးအကောင်းဆုံး လူသားတစ်ယောက် ဖြစ်မှာ သေချာပါတယ်။
မှတ်ချက်။
Pauline Rowson, Communicating with More Confidence, PP, 7-8 မှ အချက်အလက်တို့ကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
No comments :
Post a Comment