ဒီကောင်လေး နှင့်
ပတ်သက်ပြီး တွေးပြောပြောရရင် သူဘယ်တုံးကမှ စိတ်တိုင်းကျတယ်ရယ်လို့
မရှိခဲ့ဖူးဘူး။ မွေးကင်းစ အရွယ်လေးကတည်းက သူမျက်ခြေ မပြတ်
စောင့်ကြည့်လာခဲ့တာ။ ကောင်လေးဟာ ငယ်ငယ်ကတည်းက ကျန်းမာရေး ချူချာတယ်။
သူများကလေးတွေထက် ပိုပြီး ငြိမ်ငြိမ်လေးနေတတ်တယ်။ တော်ရုံတန်ရုံ နှင့်
မငိုတတ်ဘူး။ နောက်ပြီး ကျန်းမာရေးအရ လှုပ်လှုပ်ရှားရှား သိပ်မရှိဘူး။ ဒါကို
သူအားမရဘူး။ ဘာဖြစ်လဲ ကလေး ဆိုတာ ငိုစရာရှိရင် ငိုရမယ်၊ ကစားရမယ်၊
လှုပ်လှုပ်ရှားရှား တက်ကြွနေရမယ်၊ ဒီလိုပဲ ဖြစ်နေရမှာပေါ့၊ သူ ငယ်ငယ်တုန်း
ကလည်း ဒီအတိုင်းပဲ။ အမြဲတမ်း ဆော့နေတာပဲ။ အခုတော့ ဒီကောင်လေးကို သူ အားမရ
ဖြစ်နေတယ်။ ဒါပေမဲ့ ကောင်လေးဟာ ဥာဏ်ကောင်းတယ်။ မျက်လုံး
တောက်တောက်လေးတွေနဲ့ တစ်ချိန်လုံး တစ်ခုခုကို တွေးနေသလိုပဲ။ ဒါကို သူ
ရိပ်မိတယ်။ သူ ကောင်လေး ကို အရိပ် တကြည့်ကြည့် လုပ်နေခဲ့တာကိုး။
ဒီလိုနဲ့ပဲ
ကောင်လေးဟာ သူ့မျက်စိအောက်မှာပဲ တဖြည်းဖြည်း ကြီးပြင်းလာတယ်။ သူနဲ့
ကောင်လေးရဲ့ ကြား မှာ နှစ်တွေဟာ တစ်နှစ်ပြီးတစ်နှစ် ဖြတ်သန်းသွားတယ်။
သူ့ဘဝနဲ့ ရင်းပြီးရလာခဲ့တဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာတွေကို အခွင့်သာတိုင်း
ကောင်လေးကို သူ ပြောပြခဲ့တယ်။ သူ မှားခဲ့ဖူးတဲ့ အမှားမျိုး၊
သူခံစားခဲ့ရဖူးတဲ့ ဆိုးရွားတဲ့ ခံစားမှုမျိုး ကောင်လေးရဲ့ ဘဝမှာ
မကြုံတွေ့ရအောင် သူ အင်အား ရှိသလောက် ကြိုးစားခဲ့တယ်။ လောကကြီး အကြောင်း၊
အိပ်မက်တွေအကြောင်း၊ သောကနှင့် မာယာတွေ အကြောင်း၊ လူတွေ အကြောင်း
ကောင်လေးနှင့် သူ ဆွေးနွေး ဖြစ်ခဲ့တယ်။ ကောင်လေးရဲ့ သတင်း တွေရယ်
တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့ သူမပါတဲ့ ကောင်လေးရဲ့ ပတ်ဝန်းကျင် ရယ်ကို
အဆက်မပြတ်သူနားစွင့်ထားတယ်။
သူတစ်ယောက်တည်း
ရှိတဲ့အချိန်တွေမှာ ကောင်လေးရဲ့အနာဂတ်ကိုပဲ သူစဉ်းစားနေတတ်ခဲ့တယ်။ သူ့ ရဲ့
ကောင်လေးဟာဘယ်သူနှင့်မှ မယှဉ်သာတဲ့ ကောင်လေး တစ်ယောက်
ဖြစ်လာလိမ့်မယ်လို့တော့ သူ ယုံကြည်တယ်။ ဒါပေမဲ့ အခုအချိန်တွေအထိ
ကောင်လေးကို သူ စိတ်တိုင်းမကျသေးဘူး။ သူ ကောင်လေးအတွက် အမြဲအားမလို အား မရ
ဖြစ်နေတုန်းပဲ။ ဒါပေမယ့် ကောင်လေးကတော့ အများအလယ်မှာ အပြောအဆိုသိမ်မွေ့တယ်။
စကားပြော ကျွမ်းကျင် တယ်။ လိမ္မာတယ်။ ပါးနပ်တယ်။ သဘောကောင်းတယ်။
အကွက်မြင်တယ်။ အနေအထိုင်ပိရိတယ်။ တည်ငြိမ်တယ်။
တစ်နေ့တော့ကောင်မလေးဓာတ်ပုံတစ်ပုံကိုကောင်လေးရဲ့စာကြည့်စားပွဲပေါ်မှာသူအမှတ်မထင်တွေ့လိုက်တယ်။အဲဒီအချိန်ကစပြီး
သူ့ရဲ့စိတ္တဇဟာ ပိုပြီးပြင်းထန်လာတယ်။ ကောင်လေးရဲ့
အပေါင်းအသင်းလေးတွေကိုရော၊ လူတွေ အကုန်လုံးကိုရော၊ နောက်ဆုံး ကောင်လေးရဲ့
အမေကိုတောင် သူ မယုံတော့ဘူး။ လောကမှာ ရှိတဲ့ ဘယ်လို လူမျိုးကမှ ကောင်လေးကို
သူ့လောက် တန်ဖိုးမထားနိုင်ဘူးလို့ သူ တစ်ထစ်ချ ယုံကြည်သွားတယ်။ နောက်ပြီး
သူ မေ့ နေတာ တစ်ခု ရှိသေးတယ်။ သူ့ရဲ့ ကောင်လေးဟာ သူ့ ဖိနပ်ကို နေသားတကျ
စီးနေနိုင်ပြီပဲ။
အဲဒီ ညနေက
မုန်တိုင်းတစ်ခုကို သူ တွေ့လိုက်တယ်။ ဓာတ်ပုံလေးတစ်ပုံကို
အကြောင်းပြုပြီးကောင်လေးကို သူပြောခဲ့တဲ့ စကားလုံးတွေဟာ အရမ်းကို
လေးလံမာကြောလွန်းနေတယ်။ သူသိတယ်၊ ကောင်လေးဟာ ဘာမှ နားမ လည်တဲ့
မျက်လုံးတွေနဲ့ သူ့ကို မော့ကြည့်နေခဲ့တယ်လေ။ သူ့ စကားလုံးတွေဟာ ဒါးစက်၊
လှံစက်တွေလို သူ့နားထဲ ပြန်တိုးဝင်နေတယ်။ ဒီလိုပဲ ကောင်လေးရဲ့ နားထဲက
ပြန်လျှံကျနေတဲ့ သူ့ စကားလုံးတွေကို သူတွေ့နေတယ်။ နောက် တော့ ကောင်လေးဟာ
သူ့ လက်ထဲက ဓာတ်ပုံလေးကို အေးအေးဆေးဆေး လှမ်းယူလိုက်ပြီး အပိုင်းအစ အသေးလေး
တွေ ဖြစ်အောင် လုပ်ပစ်လိုက် တယ်။ သူရှေ့က စိတ်အေးလက်အေး ထွက်သွားတဲ့
ကောင်လေးဟာ သူ့အတွက် မေးခွန်းတွေ အများကြီး ထားခဲ့တယ်။ ကောင်လေး အတွက်
အားမရမှုတွေဟာ သူ့ကျောပေါ်ကို တရွရွ တက်လာနေရင်း ကနေ သူစိတ်မကောင်း နည်းနည်း
ဖြစ် သွားတယ်။
ဒီလို အဖြစ်အပျက်မျိုး နောက်ထပ် ဖြစ်မလာတော့ဘူး။ ဒါပေမဲ့
ကောင်လေးနှင့်သူ့ရဲ့ ဆက်ဆံရေးဟာ ဒီအဖြစ် အပျက် နောက်ပိုင်း နည်းနည်း
ပြောင်းလဲသွားတယ်။ ကောင်လေးဟာ ပတ်ဝန်းကျင်မှာ လူတော်လေး တစ်ယောက်
ဖြစ်လာပြီး သူကတော့ ပတ်ဝန်းကျင် အတွက် လူ့ဂွစာ တစ်ယောက် ဖြစ်လာခဲ့တယ်။
တချို့နေရာမှာ သူနဲ့ တော်တော် လေး တူတဲ့ သူ့ရဲ့ ကောင်လေးဟာ သူ့ အမြင်မှာ
ပိုပြီး နက်ရှိုင်းလာတယ်။ သူ့ ဆံပင်ဖြူတွေ များလာတဲ့ အချိန်မှာတော့
ထူးဆန်းတဲ့ ခံစားချက် တစ်မျိုး သူ့မှာ ရှိလာတယ်။ သူ့ကောင်လေးဆီက
နွေးထွေးတဲ့ တစ်စုံတစ်ရာကို သူခံစားကြည့် ချင်လာတာပဲ။ ဒါဟာ ဘာလဲ။
အခုချိန်ထိတော့ သူ ကောင်လေးကို စိတ်တိုင်းမကျသေးဘူး။
စိုးရိမ်ပူပန်မှုတွေလည်း သူ့မှာ ရှိနေတုန်းပဲ။ ကောင်လေးနဲ့ ပတ်သတ်ပြီး
သူစွန့်လွှတ်လိုက်ရတာတွေ အတွက်တော့ သူ ဘယ်တော့မှ နောင်တ မရဖူးဘူး။
နှစ်တွေ ကြာလာပြီးတဲ့ တစ်ချိန်မှာ ကောင်လေးဟာ အနာဂတ်အတွက် သူ့အရိပ်ထဲကနေ
ခဏ ထွက် သွားတယ်။ ကောင်လေးမရှိတဲ့ အချိန်မှာ အရင်ကထက် စိတ်ပိုတိုတတ်လာတယ်။
ဒါဟာ ဘာလဲလို့လည်း သူ့ကိုယ်သူ ခဏခဏ မေးနေတတ်တယ်။ ကောင်လေး ဘာလုပ်တယ်ဆိုတာ
သူမသိရတော့ဘူး။ ကောင်လေး အကြောင်း အမျိုးမျိုး တွေးကြည့်ပြီး သူ့ မျက်နှာဟာ
သုန်မှုန်နေတတ်တယ်။ ပတ်ဝန်းကျင်နဲ့ သူအဆင်မပြေတော့ဘူး။ နိစ္စဓူဝ ကိစ္စတွေကို
တောင် သူဒေါသဖြစ်နေတတ်တယ်။ ကောင်လေးနဲ့ ပတ်သတ်ပြီးတော့လည်း ပိုပြီး အားမလို
အားမရ ဖြစ်လာတယ်။ တော်တော်ကြီး ဝေးကွာတဲ့ အရပ်ကို ရောက်နေတဲ့ ကောင်လေးကို
သူနေ့တိုင်း စိတ်တိုင်းမကျဖြစ်နေတယ်။ကောင်လေး သူကို
နားမလည်ဘူးလို့ပဲသူ ယူဆနေတယ်။ "ဒီကောင်လေးဟာလေ" လို့လည်း မကြာခဏ သူ
ပြောဖြစ်တယ်။ ဒါပေမဲ့ ကောင်လေး ပြန်လာတဲ့ အချိန်မှာ တော့ "နည်းနည်း ဝလာတယ်"
ဆိုတဲ့ မှတ်ချက်ကလွဲပြီး သူ ဘာမှ မပြောခဲ့ဘူး။
ကျန်တဲ့လူတွေကသူ့အကြောင်းကောင်လေး ကို ပြောပြပြိး ကြိတ်ရယ်ကြတယ်။ ဒါတွေ
သူသိတာပေါ့။ ဘာဖြစ်လို့လည်း မသိဘူး။ ဒါတွေကို သူကျေနပ် သလိုလိုပဲ။
နောက်ပြီး ကောင်လေးက သူ့ကို ပြုံးပြုံးလေး ပြောလိုက်တဲ့ စကားတစ်ခွန်း
ကိုလည်း သူ ကျေနပ်မိသေးတယ်။
နောက်ပိုင်း ကာလတွေမှာ ကောင်လေးက သူ့ဆီက မကြာခဏ ထွက်သွားလေ့ ရှိတယ်။
ဒါပေမဲ့ သူကို ပထမဆုံး အကြိမ်ကလောက် မထိခိုက်စေတော့ဘူး။ ခဏခဏ
ထွက်သွားတတ်တဲ့ သူ့ရဲ့ ကောင်လေးအတွက် သူ နေသားတကျ ဖြစ်လာတယ်။ သူ့
စိတ္တဇတွေလည်း တဖြည်းဖြည်း လျော့ကျလာသလိုပဲ။
သူလည်းနောက်ပိုင်းကာလတွေမှာ
ကောင်လေးကို ဘာမှမပြောမိအောင် ကြိုးစားလာရပါတယ်။ သူ့ဘ၀နဲ့သူ
နေပျော်ပါစေလိုလည်း ဆုတောင်းပေးနေရပါတယ်။ တစ်ခါတစ်လေမှာတော့ ကောင်လေးကို
သူနားမလည်နိုင်ပါဘူး။ သူမတွေးမိတာတွေ သူမသိတာတွေကို ကောင်လေးက
သိနေတက်နေတယ်။ သူ့ကိုလည်း ကြုံရင်တော့ ရှင်းပြပါတယ်။ နေထိုင်လာတဲ့
ပုံစံကလည်း အများအမြင်မှာ နားလည်ရခက်သလောက် ကောင်လေးတစ်ယောက်တည်း
ရှိနေချိန်ကို မြင်လိုက်ရချိန်မှာ
အထီးကျန်ဆန်နေတာ..ငိုကြွေးနေတာ..တွေဝေနေတာကို တွေ့လိုက်ရတယ်။ သူလည်း အံ့သြ
လာတယ်။ သူထင်ထားတာက ကောင်လေးဟာ ပိုတော်လာတယ်။ ကောင်လေးဘ၀ဟာ လေးစားအားကျစရာ
ဖြစ်လာတယ်။ အများ အလည်မှာ ၀င့်ထည်နေသလောက် တစ်ယောက်တည်းရှိနေချိန်မှာ
ဘာလို့များ ဒီလိုဖြစ် သွားရတာလဲ။
လူအများရှေ့ရောက်ရင်
လေးစားစရာပုံစံမျိုးနဲ့ရှိနေပြီး တစ်ယောက်တည်းရှိနေချိန်ကျရင်
သူမမြင်ဘူးတဲ့ ကောင်လေးရဲ့ ပုံစံတစ်မျိုးကို တွေ့နေရတယ်။ အဲ့ဒါကတော့
အားငယ်တွေဝေနေတဲ့ပုံစံပါပဲ။ သူဟာ သေသေချာချာ ကြီးကို ပျက်ယွင်းနေပြီ။
သေချာတာကတော့ ကောင်လေးဟာ သူဘ၀ကို စနစ်ကျနစွာဖန်တီးပြီး ဖျက်စီးနေတာပါပဲ။
တော်လိုက်တာ လို့ မချီးကျူးပဲမနေနိုင်ပါဘူး။ ဒါပေမယ့်
အစွန်းရောက်နေပြီလို့လည်း သိလာရပါတယ်။ အဖြစ်အပျက် ဆိုတဲ့ စကားစုကို
ဒီနေရာမှာ သေသေချာချာတွေ့နေရပါပြီ။ အရင်တုန်းကတွေ့ခဲ့ရတဲ့
ကောင်လေးရဲ့စားပွဲခုံပေါ်က ဓါတ်ပုံလေးတစ်ပုံကိုလည်း အခုမတွေ့တော့ဘူး။
ဓါတ်ပုံလေးနဲ့ပတ်သတ်တဲ့ စကားတွေကိုလည်း ရွှင်ပြပြုံးရွှင်စွာ ပြောတာကိုလည်း
မကြားရတော့ဘူး။
လူတွေရဲ့ကြားမှာလည်း
ကောင်လေးကို မတွေ့ရတော့ဘူး။ ကောင်လေးမျက်နှာမှာ အပြုံးတွေကိုလည်းမတွေ့ရ
တော့ဘူး။ ဒါပေမယ့် မဖြစ်မနေလူတွေရှေ့ကိုရောက်နေရင်တော့ ကောင်လေးဟာ
ပုံစံကိုချက်ခြင်းပြောင်းလဲပစ် လိုက် တယ်။ ဟန်ဆောင်မှုတွေ ၊ မာယာတွေကို
ကောင်လေးက ကျွမ်းကျင်နေပြီ။ ယောင်္ကျားဆန်တဲ့ ပရိယာယ်တွေကိုလည်း ကောင်လေး က
တက်နေပြီ။ နကိုယ်ကတည်းက တော်နေတဲ့ ကောင်လေးဟာ ဒီနေရာမှာလည်း
ကျွမ်းကျင်နေပြန်ပါပြီ။
ကောင်လေးဘာတွေဆက်လုပ်မလဲဆိုတာကိုတောင်
သူ စိတ်ဝင်တစားပြန်စောင့်ကြည့်နေရပါပြီ။ ကောင်လေး ကတော့ ပျက်စီးနေပါပြီ။
ဘယ်သူမှ မသိပေမယ့် သူကတော့သိနေပါတယ်။ စနစ်ကျစွာပျက်စီးတယ်လို့တောင် အသုံး
အနှုန်း ကို ပြင်သုံးနေရပါတယ်။ ကောင်လေးကို ဖြစ်စေချင်တာ
အဲ့ဒီလိုမဟုတ်ခဲ့ပါဘူး။ သူ ပြောခဲ့တာတွေ.. သင်ကြား ခဲ့တာတွေ ကလည်း
အခုလိုဖြစ်စေဖို့ မဟုတ်ခဲ့ပါဘူး။ အစစအရာရာမှာ အများအလည်မှာ
အားငယ်နေတက်တဲ့စိတ်ကို ပျောက်စေ ချင်လို့..မိမိကိုယ်မိမိ
ယုံကြည်မှုတွေရှိနေစေဖို့..။ အများက အားကျလာစေဖို့ လူသားဆန်တဲ့
စွမ်းရည်တစ်မျိုး ကို အများက မြင်စေချင်လို့ ကောင်လေးကို
ပြောဆိုပြသခဲ့တာပါ။
အခုတော့
သူမသိတဲ့..မထင်တဲ့အဖြစ်တွေဖြစ်လာတော့ သူကိုယ်တိုင်လည်း
စိတ်မကောင်းဖြစ်မိပါတယ်။ သူ မေ့ နေခဲ့တာကလည်း ကောင်လေးရင်ထဲမှာ
အချစ်ဆိုတာ…ဖြစ်လာနိုင်တယ်လို့ မထင်မိတော့ သူလည်းမသင်ကြားခဲ့ မိပါ ဘူး။
သူကိုယ်တိုင်လည်း အချစ်ဆိုတာကို လုံးဝမသိခဲ့ပါဘူး။ သူသိခဲ့တာက
လူတွေရဲ့စိတ်တွေ.. ဖြစ်ပျက် ပြောင်းလဲ မှုတွေ..
ဆွဲဆောင်မှုတွေ..စေတနာတွေ..စည်းရုံးရေးတွေ..မေတ္တာတရားတွေပါ..။ကောင်လေးကို
ပေးတက်ဖို့ပဲ သင်ကြား ပေးခဲ့တာပါ။ လက်ခံဖို့ကို မသင်ကြားပေးခဲ့မိပါဘူး။ အခု
ကောင်လေးက လိုချင်နေပါပြီ။
အခုတော့
ကောင်လေးဟာ..ဘ၀ကို ဖျက်စီးနေပါပြီ။ အောင်မြင်မှုကို ဖျက်စီးနေပါပြီ။
ပျော်ရွှင်ခြင်းကို ဖျက်စီးနေ ပါပြီ။ အထီးကျန်ဆန်ဆန်နေထိုင်ခြင်းကို
ကောင်လေးက နေထိုင်နေနေပါပြီ။ သူယုံကြည်မှုကိုလည်း လမ်းကြောင်းမှား ပေါ်ဆွဲတင်
နေပါပြီ။ သူ့ကိုလည်း မတွေ့အောင်ရှောင်တက်နေပါပြီ။ လူသားတိုင်းမှာ
အထီးကျန်ဆန်ခြင်းဆိုတာ ရှိနေ ပါတယ်။ ကောင်လေးမှာ မရှိစေချင်ပါဘူး။ ဒါပေမယ့်
ကောင်လေးကိုယ်တိုင်လည်း ရှိနေပါပြီ။ ကောင်လေးဟာ…အများ ထက် ပိုတော်လို့
အခုချိန်မှာ အများထက်ပိုပြီး ပိုခံစားနေတက်နေပါပြီ။ ပညာတက်ဒုက္ခတစ်မျိုးကို
ကောင်လေးကိုယ်တိုင် လည်း ခံစား နေရပါပြီ။ မဖြစ်သေးတာတွေကို ကြိုတွေးပြီး
ဒုက္ခရောက်တက်တာ ပညာတက်တွေရဲ့ဒုက္ခတစ်မျိုးပါ။
ဘယ်သူမှားသလဲလို့မေးရင်တော့
သူမှားခဲ့တာပါ။ ကောင်လေးမှာ အပြစ်မရှိပါဘူး။ ခံစားရတာက ကောင်လေး ဖြစ်
နေရပါတယ်။ သူမတရားပါဘူး။ သူမှားခဲ့တာဆိုရင်လည်း စေတနာနဲ့မှားခဲ့တာပါ။
ဗုဒ္ဓရဲ့တရားတော်အရတော့ စေတနာ အမှားလည်း အမှားပါပဲ။ သူလည်း မကူတက်တော့ပါဘူး။
ဘယ်သူ့ကို အကူအညီတောင်းရမလဲဆိုတာလည်း မသိတော့ပါဘူး။ ကောင်လေးကို
နဂိုအတိုင်းလေးသာ ရှိနေစေချင်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ အများကို
ကူညီခဲ့တာ တွေ… ကောင်လေး ကိုယ်တိုင်လည်း
သိမ်ငယ်စိတ်တွေပျောက်နေတာတွေ…မျှော်လင့်ချက်များစွာနဲ့ ဘ၀ကို ကြိုးစား
ပမ်းစား လျှောက်လှမ်းနေ တာတွေ…တစ်ခုပြီးတစ်ခု တိုးတက်နေတဲ့
ကောင်လေးရဲ့ဘ၀လမ်းကြောင်းလေးတွေ.. သူ့ဘ၀ကိုသူတွေးပြီး ခန္ဓာနဲ့မမျှအောင်
ကြိုးစားနေတာတွေ..။ ကောင်လေးကို အများက လိုလိုချင်ချင်နဲ့ ခေါ်တာ ….
ပြောတာတွေ..ကောင်လေးကိုတွေ့ရရင် အားလုံးက လိုလားလက်ခံစွာနဲ့
နှုတ်ဆက်တာတွေ..အကူအညီတောင်းတာ တွေ..အားလုံး..အားလုံး ပြန်ဖြစ်စေချင်ပါတယ်။
အခုတော့
ပျောက်ဆုံးနေပါပြီ။ တစ်ဖြည်းဖြည်းတောင်မဟုတ်ပါဘူး။
လျှင်လျှင်မြန်မြန်ကြီးကို ပျောက်ဆုံးလာ တာပါ။ Graph
တစ်ခုလိုပြောရမယ်ဆိုရင် တိုးတက်မှုတွေရဖို့ နှစ်တွေအများကြီးပေးဆပ်ခဲ့ရတာပါ။
ကျေနပ်မှုကိုတောင် မခံစား ရ သေးဘူး။ လျှင်လျှင်မြန်မြန်ကြီးကို
လျော့ကျလာတာပါ။ ဘယ်သူကိုမှ ဒုက္ခမပေးတက်တဲ့ကောင်လေးဟာ.. သူကိုယ်သူတော့
ကောင်းကောင်းဒုက္ခပေးနိုင်တယ်ဆိုတာကို သူသိနေပါတယ်။ တစ်ခုပြီးတစ်ခု
ဖြုတ်ချနေတဲ့ ကောင်လေးကို မြင်နေရတာ လုံးဝ စိတ်မချမ်းသာပါဘူး။ ကြာလာရင်
ဘယ်လိုမှ အဖတ်ဆယ်မရအောင် ပျက်စီး တော့မှာပါ။
အနှစ်
(၂၀)လောက်အချိန်ယူပြီး သူသင်ခဲ့တာတွေကို ကောင်လေးက (၂)လ ထဲနဲ့
ပျက်စီးသွားအောင် ဖျက်စီး နေတာပါ။ ကောင်လေးအတွက် ချွေးသိပ်နိုင်ဖို့
တစ်ခုခုကို သူရှာနေပါတယ်။ အခုတော့ ကောင်လေးငိုကြွေးနေရတာ ထက် သူက
ပိုငိုကြွေးနေရပါတယ်။ ကောင်လေးကို ဆုံးရှုံးရတော့မယ်လို့ စိတ်ထဲမှာ
ထင်နေပါတယ်။ သူကတော့ တက်စွမ်းနိုင်သလောက် ဆွဲတင်မှာပါ။
တက်လာမလား..ပြုတ်ကျသွားမလားဆိုတာကတော့ သူလည်းမသိပါဘူး။ ၀ဋ် ကြွေးရှိရင်
ဘုရားတောင်မှ မလွန်ဆန်နိုင်တာ သူရော..ကောင်လေးရော
လွန်ဆန်နိုင်မယ်မထင်ပါဘူး။ ကံရှိသလောက် တော့ ဖြစ်ကြရမှာ ပါပဲလေ..။
ဒါပေမယ့်ကောင်လေးအပေါ်မှာတော့
ကံတရားက နည်းပါးလွန်းနေတာလားတော့ မပြောတက်ပါဘူး။ ကောင်လေး ဘ၀မှာ
နေပျော်တာကို မတွေ့ရသေးပါဘူး။ ဖြည့်ပြီးရင်းဖြည့်နေတာတောင် ကံတရားက
ရိုက်ခတ်တာ… အားကောင်းလွန်း လှပါတယ်။ ဟုတ်လာပြီလို့ ကျေနပ်မှုကိုမရသေးဘူး။
ပျက်စီးမှုကနောက်လိုက်လာပါတယ်။ သူကတော့ ကြိုးစားပမ်းစား ဆွဲတင်ဦးမှာပါ။
ကံပါမပါတော့ သူလည်းမသိပါဘူး။
အခုတော့ဆုတောင်းနေရပါတယ်။
ကောင်လေး မြန်မြန် ပြန်ကောင်းလာပါစေ..။ ထူထောင်လာပါစေ..။ ဘ၀ကို အမြန်ဆုံး
ပြန်တွေ့လာပါစေ..။ သူလည်း ဆုတောင်းနေဖို့ပဲ တက်နိုင်ပါတော့တယ်။ ဘယ်လိုမှ
သင်ကြားလို့မရနိုင် လောက်အောင် ကောင်လေးက ခုခံချေပ ပြောဆိုတက်နေပါတယ်။
ကောင်လေးအတက်လွန်နေတာက အခုတော့ သူကိုယ်တိုင်ပါ ဒုက္ခရောက်နေရအောင်ကို
အသင်ခက်နေပါတယ်။
ခင်ဗျားတို့လည်း
ကျွန်တော်ပြောတဲ့ ကောင်လေးအတွက် ၀ိုင်းဆုတောင်းပေးကြပါဗျာ..။ ကျွန်တော်
ကောင်လေး ပျက်စီးသွားမှာကို စိုးရိမ်နေလို့ပါ။
ကောင်လေးပျက်စီးသွားတာဟာ..ကျွန်တော် အတွက်တော့ ဆုံးရှုံးမှုကြီးတစ်ခုပါ။
ကောင်လေး ပတ်ဝန်းကျင်အတွက်လည်း ဆုံးရှုံးမှု တစ်ခုပါ။ အများအတွက်လည်း
ဆုံးရှုံးမှုတစ်ခုလို့ ကျွန်တော် ခံယူထား ပါတယ်။ တော်တဲ့ တက်တဲ့ လူတစ်ယောက်
ပျက်စီးသွားမှာကို မလိုလားလို့ပါ။ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ ဒီလို
ကောင်လေးမျိုးတွေ အများကြီးလိုအပ်နေလို့ပါ။ ပညာတက်တွေထဲမှာတောင်
အတ္တ၊ပရမျှတအောင်နေတက်သူတွေ အများကြီးလိုအပ်နေလို့ပါ။(အက်ဆေး ရေးခြင်းဖြစ်ပါသည်)
ကောင်လေးကို မပျက်စီးစေချင်တဲ့
စာရေးတဲ့
နန်းညွန့်ဦး
No comments :
Post a Comment