phone: +95 09 403725007,+959442104144
e-mail: motherlove.son528@gmail.com

ရည်ရွယ်ချက်

အွန်လိုင်းဖူးစာရေး website ကို စတင်ဖွဲ့စည်းခဲ့တာကတော့ ၂၆-၈-၂၀၁၂ ကဖြစ်ပါတယ် ။ ဆိုဒ်ကလေးရဲ့ရည်ရွယ်ချက်ကတော့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး.. ဒီလိုပါပဲ လက်ကမြင်း လိုက် တာ ပါ ခင်ဗျာ ... အလည်အပတ်ရောက်ရှိလာသူ မိတ်ဆွေသူငယ်ချင်းများအတွက် ပြည့်စုံ အောင် ဖန်တီး ပေးသွားမှာပါခင်ဗျာ... ယခု လောလောဆယ် ပြည့်စုံမှုမရှိသေးတဲ့ အတွက် အနူးအညွှတ် ပဲ တောင်းပန်ပါတယ် .. ၀ိုင်းဝန်းကူညီပေးကြပါဦး...ခင်ဗျာ

Sunday, August 11, 2013

အချစ်ဝတ္ထုရိုးရိုးလေးတစ်ပုဒ်



ဇာတ်လမ်းကတော့ သိပ်မဆန်းပါဘူး။ အချစ်ဝတ္ထုရိုးရိုးလေး တစ်ပုဒ်ပါ။
ပြောချင်တာကတော့ ၀တ္ထုတစ်ပုဒ်လုံး နှောင်း ဘက်ကပဲ တစ်ဘက်တည်း ကြည့်ပြီး ခံစားပြီး ရေးထားတာမို့ ၀တ္ထုလေးဖတ်ပြီး မောင့်ကို မမုန်းပါနဲ့လို့။
**********

အချစ်ဝတ္ထုရိုးရိုးလေးတစ်ပုဒ်

တခါတခါတော့လည်း မောင့်ကိုကြည့်ပြီး ပြုံးလို့သာနေချင်မိတော့သည်။
သူမ နက်ဖြန်ခါ ဒီမြေပေါ်မှာမရှိတော့ဘူးဆိုတာ သိရင် မောင်ဘယ်လိုများနေမှာပါလိမ့်??
သေချာတာကတော့ ပထမ အံ့သြသွားလိမ့်မည်။
နောက်တော့ မောင့်ထုံးစံအတိုင်း စိတ်တွေ တိုနေလိမ့်မည်။
နောက်ပြီး သူမဆီ စကားနာထိုးသော မေးလ်တွေပို့မည်။ (စိတ်ထဲကတော့ ကျိန်ဆဲ နေပါလိမ့်မည်။)
နောက် အဆက်အသွယ် မလုပ်ပဲ ပျောက်နေပါ လိမ့်မည်။
အဲဒီအချိန်မှာ အရွဲ့တိုက်ပြီး လုပ်ချင်တာတွေလည်း လုပ်နေမှာ။
(ဥပမာ – ကောင်မလေး ငယ်ငယ် ချောချောလေးတွေနဲ့ ဘာလိုလိုပေါ့။ တကယ်တော့ မောင်သည် ယောက်ျားအရမ်းဆန်သော ယောက်ျား တစ်ယောက်သာ ဖြစ်ပါသည်။)
အဲလိုလုပ်လို့  ရိုးအီသွားချိန်တွင် သူမကိုစတင် သတိရလာပါ လိမ့်မည်။
သူမ ကောင်းခဲ့ဖူးတာတွေ ပြန်တွေးမည်။ နောက် မေးလ်တွေ ထပ်ရောက်လာတော့မည်။
ဒါပေမယ့် မေးလ်ထဲမှာတော့ အရမ်းချစ်၊ အရမ်းလွမ်းနေကြောင်း၊ သူမှားသွားကြောင်း၊ သူမ မရှိလျှင် မဖြစ်ကြောင်းတွေ ပါမည်ဟု မထင်မှတ်ပါနှင့်။
မောင့်ထုံးစံအတိုင်း သူမအပြစ်တွေကို ချပြမည်။ မှားခဲ့သည်မှာ သူမတစ်ယောက်ထဲ မဟုတ်ကြောင်း၊
နောက်.. အမြဲ အလွတ်ရနေသော စာကြောင်းလေး..
“နှောင်း မောင့်ကို နားမလည်ပါဘူး၊ နားလည်အောင်လည်း နှောင်းမကြိုးစားဘူး၊ မောင့်ကိုချစ်ရင် မောင့်ဆီပြန်လာခဲ့”
မောင့်အကြောင်းကို သိပ်သိသော သူမကတော့ အရင်ကဆို အဲဒီမှာတင် တခန်းရပ်သွားပြီး သူမမောင့်ဆီ ပြန်ရောက်သွားမြဲ ဖြစ်ပါသည်။
သူမကလည်း မောင့်ကို ချစ်ခဲ့သည်ကိုး။
တကယ်တော့ ဒီ နှစ်တွေ တော်တော်များများကြီးကို မောင်နဲ့ အတူတူ ဖြတ်သန်းလာခဲ့တာ။
မနက်နိုးတာနှင့် မောင် သူမအိမ်ကို ရောက်လာပြီး မနက်စာစား၊ ပြီး ရုံးသွား၊ အပြန် တနေရာရာမှာတွေ့။
ဒါမှမဟုတ် သူမတို့အိမ်မှာပဲ ညစာတူတူစားကြ။ ပြီးမှ မောင်ပြန်သည်။
ညအိပ်တဲ့  အချိန်လေးပဲ သူမတို့ ခွဲခွာကြသည်။
မောင်မရှိတဲ့ နေ့တွေ သူမဘယ်လိုများ ဖြတ်သန်းရမှာပါလိမ့်။ သူမတခါမှ မတွေးဖူးပါ။
ဒါဆိုဘာလို့များ သူမ ဒီလို လုပ်ရပါလိမ့်။
လက်တွေ့ဘ၀ဆိုတာ စိတ်ကူးမထားတာတွေ ဖြစ်လာတာက အများသားလားကွယ်။
အခုကော.. အင်း အခုလည်း သူမချစ်နေတုန်းပါပဲ။
အဲဒီ ချစ်ခြင်းတရားတွေကပဲ သူမတို့ကို ဝေးကွာအောင် လုပ်ခဲ့သည်ထင်ပ။
တကယ်တော့ မောင်ရော၊ သူမရော ချစ်ခြင်းမေတ္ထာအကြောင်း သင်ကြားဖို့ လိုနေသေးသော သူများသာ ဖြစ်ပါသည်။
xxxxxxxxxxxxxxxxxxxxx
“မင်း ဒါက ဘာသဘောလဲ၊ ဟင်? ဘာလဲ မင်း ချစ်သူဟောင်းကြီးကို တမ်းတပြီး သိစေချင်တဲ့ သဘောလား။
ဟုတ်လား အချစ်သူရဲကောင်းမကြီးရဲ့”
“မောင် နည်းနည်း တိုးတိုးပြောပါ၊ မေမေတို့ အိပ်နေတုန်း”
“မင်း အဲလောက် ချစ်နေရင်လည်း ဘာလို့များ ငါ့ဆီလာခဲ့သေးလဲ၊ အေးလေ မင်းက အစတည်းက ငါ့ကိုညာခဲ့တာပဲ”
ပြောပြောဆိုဆို စာအုပ်ကို ဖုန်းကနဲပြစ်ချပြီး မနက်စာတောင် မစားပဲ ထွက်သွားတော့သည်။
သူမ ၀တ္ထုတိုပါလာသော မဂ္ဂဇင်းကို ပြန်ကောက်ကိုင်ပြီး ငိုင်နေမိသည်။
မောင့် သူငယ်ချင်းတစ်ယောက်ယောက် ပြောလို့ မောင်သိသွားပြီး အိမ်ကို မနက်စာဝင်အစား ပြဿနာ ရှာသွားခြင်းဖြစ်သည်။
မောင့်ဟာမောင်တော့ ၀ယ်ဖတ်ပြီး သိမည် မထင်ပါနှင့်။
သူမ စာရေးတာကို မောင်အမြဲပြောနေကြစကားတခွန်းရှိသည်။ ဘာတဲ့..

“အရည်မရ အဖတ်မရ” တဲ့။
အဲဒီလို မောင်နှင့်သူမ အကြိုက်ချင်းတူခဲ့ကြပါသည်။
xxxxxxxxxxxxxxxxxxxxx
ယောကျာ်းကြိုက်တော့ စိုက်စိုက်လာ၊ မိန်းမကြိုက်တော့ မျှော်လိုက်တာတဲ့။
မောင် မလာတော့လည်း သူမ မျှော်ရသည်သာ။
ဖုန်းဆက်တော့လည်း ဖုန်းမကိုင်။ မောင့်အိမ်လည်း သူမ မသွားချင်။
အဆင်ပြေသည်လည်း မဟုတ်၊ မပြောဖူးလည်း မဟုတ်သော မောင့်ညီမများနှင့် သူမ မလိုအပ်ဘဲ မတွေ့ဆုံချင်ပါ။
“နင့်ကို သူ့တို့အစ်ကို၊ သူတို့မောင်နဲ့ သဘောမတူရအောင် နင်က ဘာဖြစ်နေလို့လဲ”
“ငါမပြောလိုက်ချင်ဘူး၊ ပြောရရင် ငါ့သူငယ်ချင်းက အစစတောင် သာသေးတယ်”
သူငယ်ချင်းတွေက သူမကို ဂရုဏာဒေါသောနှင့် ပြောခဲ့ကြသည်။
“ဟုတ်ပါဘူးဟယ်.. မောင်က ငါ့ကို ချစ်ပါတယ်။ တကယ်တမ်း ပေါင်းရမှာလည်း ငါတို့နှစ်ယောက်ပါဟယ်”
“အေး ပေါင်းတာကတော့ နင်တို့နှစ်ယောက်ပါပဲ။ ဒါပေမယ့် မတော်ချင်လို့ မရဘူးနော် နှောင်း။ နောက်ပြီး နင့်လူ သူ့ညီမတွေကို ဘယ်လိုချစ်လဲဆိုတာ တကမ္ဘာလုံးအသိ။ နင် အသိခေါက်ခက် အ၀င်နက်မနေနဲ့နော်။ အရင် တစ်ယောက်တုန်းကလည်း သူ့အမေ၊ ညီမတွေ သဘောမတူလို့ ကောင်မလေးမှာ ဘာအပြစ်မှမရှိဘဲ ဖြတ်ခဲ့တာ။ နင့်အစား ငါ ရင်လေးတယ်။ နင် အိမ်မှာနေတဲ့ပုံနဲ့၊ နင့်ကို အိမ်က ထားတဲ့ပုံနဲ့ ဖြစ်မှာလား.. ဟင်း .. နောက်ပြီး နင်က ဟိုမှာ ကျောင်းသွားတက်ပြီး အလုပ်လုပ်ချင်တဲ့သူ။ နင့်လူကရော သူ့ရာထူးစွန့်ပြီး နင်နဲ့ လိုက်နေမှာလား။ သူ့အမေက သူ့သားအခုလို အရာရှိဖြစ်တာ သိပ်ဂုဏ်ယူတာ။ နောက်ပြီး သိပ်မကြာခင်လည်း ရာထူးထပ်တက်ဦးမှာ။ နင်နဲ့ဘယ်လိုဖြစ်မှာလဲ..”
အဲဒါတွေ မဖြစ်ဖူးဆိုတာထက် မောင်မရှိလျှင် မဖြစ်တာက သူမအတွက် ပိုဆိုးခဲ့သည်ကိုး။
xxxxxxxxxxxxxxxxxxxxx
“မောင့် ညီမ တွေက ဘာသဘောလဲ မောင်။ ဒီလိုမှန်းသိ နှောင်း မလိုက်လာပါဘူး။ နှောင်းကို သဘောမတူရအောင် နှောင်းက ဘာဖြစ်နေလို့လဲ။ နှောင်းမှာ ဘာချွတ်ယွင်းချက်တွေ ရှိနေလို့လဲ မောင်ရဲ့။”
သူမကို မောင် မောင့်အိမ်ခေါ်သွားပြီး မိတ်ဆက်ပေးသည့် နေ့က သူမတို့ ပြဿနာ တက်ခဲ့ကြသည်။
“အာ… နှောင်းကလည်း မောင့်ညီမတွေက နှောင်းနဲ့မှမဟုတ်ဘူး။ သူတို့အစ်ကို ကို ဘယ်သူနဲ့မှကို သဘောမတူတာ။ အခုလည်း နှောင်းကို ဘာမှ မပြောပါဘူးကွာ နော်။
ကလေးတွေဆိုတော့ ဒီလိုပေါ့။ သူတို့လည်း နောက်တော့ သူတို့ဘ၀နဲ့ သူတို့ ဖြစ်သွားကြမှာ။ အဲဒီကျရင် မောင်တို့ကို သတိတောင် ရတော့မှာ မဟုတ်ပါဘူး။”
မောင်နှင့် သူမ အဲဒီကိစ္စနှင့် အကြီးအကျယ် ပြဿနာတက်ခဲ့ကြပေမယ့်လည်း နောက်တော့ မောင့်အချော့ အမြူတွေကြားထဲ သူမပျော်ဝင်ကာ မေ့လျော့သွားတော့သည်။
အဲဒီတုန်းကတော့ ချစ်ကာစ မဟုတ်လား။
သူမကို အရမ်းချစ်ပြီး အရမ်းအလိုလိုက်သော သူမအိမ်ကတော့ အစပိုင်း သဘောမတူပေမယ့် တားမရမှန်းသိ၊ သူမစိတ်ချမ်းသာတာကိုပဲ အမြဲဦးစားပေးနေကြ ဆိုတော့ နောက်ပိုင်း ဘာမှ မပြောကြတော့ပါ။
ငယ်ငယ်လေးကတည်းက လိုချင်တာရပြီး မိဘ၊သူငယ်ချင်းများအပေါ် ဗိုကျချင်တိုင်း ကျခဲ့သောသူမ မောင်နှင့်တွေ့တော့ ၀ဋ်လည်ခဲ့သည်။
ဝဋ်ကြွေးဟု ဆိုလျှင်လည်း မောင်သည် သူမအတွက် အလွန်ချိုမြိန်သော ၀ဋ်ကြွေးလေးပေါ့ကွယ်။
xxxxxxxxxxxxxxxxxxxxx
မောင် မလာတော့ မောင့်ရုံးရှေ့မှာ သွားစောင့်ဖြစ်သည်။
ရုံးဆင်းချိန်ပြီး နည်းနည်းကြာတော့ မောင် ဆင်းလာသည်။ တစ်ယောက်တည်းတော့ မဟုတ်။
အင်း.. ကြားရတဲ့ သတင်းတွေ မှန်နေပြီ ထင်ပါရဲ့။ မောင်နဲ့ မောင်တို့ ရုံးလုပ်ငန်းသုံး software ကို upgrade လာလုပ်ပေးတဲ့ ကွန်ပျူတာ ကုမ္ပဏီက ကောင်မလေးတို့ ဘာလိုလိုတဲ့။
သူမကိုတွေ့တော့ မောင် နည်းနည်း မျက်နှာပျက်သွားသည်။ နောက်တော့ ကောင်မလေးကို နှုတ်ဆက်ပြီး သူမရှိတဲ့ ဘက်လမ်းကူးပြီး လာသည်။
မောင်ပဲလေ.. မောင်ဆိုတဲ့လူက သူမှားရင်တောင်မှ နည်းနည်းမှ ၀န်ခံတဲ့လူမှ မဟုတ်တာ။
မောင့်ကိုပြောတော့ “ဘာတွေလာပြောနေတာလည်း? အေး ငါတို့က ရိုးရိုးသားသား၊ မင်းတို့လို စာတွေထဲမှာ ဖောက်ပြန်နေကြတာ မဟုတ်ဘူး။ စာလုံးဝမရေးရတော့ဘူး။ ဒါပဲ။”
အဲဒီလိုမျိုး သူမအမှားကို အရင်ပြန်ထောက်ပြီး ဇာတ်လမ်းက ပြီးသွားတော့သည်။
မောင် သူမအမှားတစ်ခုနဲ့ ဘယ်အချိန်ထိ အနိုင်ယူနေမှာပါလိမ့်??
xxxxxxxxxxxxxxxxxxxxx
မောင်နဲ့ ချစ်ခဲ့တုန်းက မောင်က သူ့အကြောင်းတွေ အကုန်လုံး အရင်ပြောပြပြီးမှ ချစ်ရေးဆိုခဲ့သည်။
သူမအဲဒီ သူ့ အကြောင်းတွေ ဖွင့်မပြောဖြစ်ခဲ့။
ချစ်သူရှိခဲ့ဖူးတာ အဲဒီလောက် အပြစ်ကြီးမှန်း သူမ မသိခဲ့။
မောင် သိသွားတဲ့နေ့က အကြီးအကျယ် ပြဿနာ တက်ကြသည်။
ပိုဆိုးတာက ကျောင်းပြီးသွားတော့ သူသည်လည်း အလုပ်တစ်ဖက်နှင့် စာရေးသည်။ ဒါပေမယ့် သူက ပိုမို အောင်မြင် ထင်ရှားသော စာရေးဆရာတစ်ယောက် ဖြစ်လို့နေလေပြီ။
“အေး မင်းကို ငါ ချစ်မယ်ဆိုကတည်းက အရာရာအားလုံး ဖွင့်ပြောခဲ့တယ်နော်။ ငါ့မှာ ဘာမှထိမ်ချန်ထားတာ မရှိဘူး။”
“ဟုတ်တယ် မောင့်ကို ဖွင့်မပြောခဲ့မိတာ နှောင်း မှားတယ်။ ဒါပေမယ့် မောင်လည်းအရင်က ရည်းစားတွေ ရှိခဲ့ဖူးတာပဲ။ နှောင်းဘာပြောလဲ။နှောင်းကအဲလိုမျိုး နောက်ကြောင်းတွေ ပြန်ပြောပြီး ဘယ်တော့မှ စိတ်ညစ်စရာတွေ မဖန်တီးဘူး။”
“အေး အဲဒါကိုက ရှင်းနေတာပဲ။ မင်း ငါ့ကို မချစ်လို့ပေါ့။”
ဘာမှပြောချင်စိတ် မရှိတော့ဘဲ မောင့်ကိုသာ ငေးကြည့်နေမိတော့သည်။ သူမကို ဖွင့်မပြောခဲ့ သော်လည်း သူမ မတိုင်ခင် မောင့်ရဲ့ အီစီကလီ ဇယားတွေကို နှောင်းသိသော်လည်း မသိချင်ယောင် ဆောင်နေခဲ့သည်။
နှောင်းကျမှ ဘာလို့ ဒီလိုတွေ ဖြစ်ရပါလိမ့်။
“ချစ်လို့ပေါ့” ဟု မောင် ခတ်ဆောင့်ဆောင့် စူပုတ်ပုတ် ပြောလိုက်သည့် စကား သုံးလုံးအောက်တွင် အရာရာ ကျေအေးငြိမ်းချမ်းသွားတာ မောင့်ကိုလည်း နှောင်းတကယ်ချစ်လို့ပါလို့ မောင်ဘယ်တော့မှ နားလည်လိမ့်မည် မထင်ပါ။
မောင်နဲ့ ဆက်ဆံရေး အဆိုးရွားဆုံး ရောက်သွားခဲ့တာတော့ သူမအိမ်မှာ သူ့ ၀တ္ထုစာအုပ်တွေ သိမ်းထားတာ မောင် တွေ့သွားတဲ့ နေ့ကဖြစ်သည်။
သူ့စာတွေကို ကျောင်းနံရံကပ် စာစောင်တွေ၊ ကဗျာစာအုပ်တွေကတည်း က မလွတ်တမ်း ဖတ်လာခဲ့တာဆိုတော့ စာအုပ်တွေ ၀ယ်သိမ်းတာ သူမ အကျင့်တစ်ခုလို ဖြစ်နေခဲ့သည်။ အရင်က ငယ်စိတ်နှင့် စိတ်ကူးတွေ ယဉ်ခဲ့သော်လည်း နောက်ပိုင်း ဘာစိတ်မှ မရှိတော့ဘူး ဆိုတာ ခင် ကျိန်ရဲပါသည်။
အဲနေ့ကစလို့ ဖောက်ပြန်တယ် ဆိုသောစကားကို မောင့်နှုတ်ခမ်းတွေက ရေလဲသုံးတော့သည်။
မောင်ကံကောင်းပါတယ် မောင်။ မောင် ဘာအပြစ်လုပ်လုပ် နှောင်းကို ထိုးနှက်ဖို့၊ မောင့်အပြစ်တွေ ဖုံးကွယ်ဖို့ အကောင်းဆုံး လက်နက်တစ်ခု မောင်ရသွားခဲ့တာကိုး။
xxxxxxxxxxxxxxxxxxxxx
တကယ်တော့ ခင် နဲ့ မောင် ဘယ်နေရာမှ မတူခဲ့ပါ။
နှောင်းက စာတော်သည်။ နိုင်ငံခြားတွင် ပညာသင်ပြီး အလုပ်လုပ်ချင်သည်။ နှောင်း အရမ်းတော်နေတာ မောင်မကြိုက်ပါ။
မောင်က မြန်မာပြည်မှာပဲနေပြီး မောင့် မိသားစု အကြိုက် အရာရှိကြီး လုပ်ချင်သည်။
နှောင်းက အနုပညာကို ၀ါသနာပါသည်။ စိတ်ကူးယဉ်သည်။
မောင်က လက်တွေ့သမား။ ပိုက်ဆံရှာမည်။ ပိုက်ဆံသည် နံပါတ်တစ် ဖြစ်သည်။
“အလကား အရည်မရ၊ အဖတ်မရ အလုပ်တွေ။ နားကိုမလည်ဘူး။ မိန်းမတွေက စိတ်ကူးလေးယဉ် မဟုတ်ကဟုတ်ကတွေ ရေးပြီး ချစ်ပြမှ အထင်ကြီးတာ။ မှတ်ထား မောင် အဲလိုလူမဟုတ်ဘူး။ ဘ၀အတွက် ဘာမှအရေးမပါတဲ့ ဟာတွေ။”
စိတ်နာနာနှင့် ပိုပြောတာတော့ မဟုတ်ပါ။ မောင်က တကယ့် လက်တွေ့သမား ဖြစ်သည်။
နှောင်းက ဒီခေတ်ကြီးထဲမှာ ဒိုးဒူဘောင်ဖက်၊ မောင်တစ်ထမ်း မယ်တစ်ရွက်ဘ၀မျိုးကို ပိုမိုခုံမင်သူ။
မောင်က ရှေးရိုးစွဲ။ မဟုတ်ပါဘူး.. ယောကျာ်းဆန်လွန်းသူ။
“မိန်းမဆိုတာ သိပ်တော်နေဖို့ မလိုဘူး။ လှဖို့ပဲလိုတယ်။ အေး ယောက်ျားဆိုတာလည်း ပိုက်ဆံရှာတတ်ဖို့ပဲ လိုတယ်။”
“မောင်နဲ့ လက်ထပ်ပြီးရင်တော့ နှောင်း ဘာမှမလုပ်ရဘူးနော်။ မောင်ရှာကြွေးနိုင်တယ်။ နှောင်းက အိမ်ရှင်မပဲလုပ်။ နှောင်းကို အေးအေးဆေးဆေးနေတာပဲ မြင်ချင်တယ်။”
နှောင်း ပညာတော်သင်ဆုရတာကို ခဏ ရွှေ့ဆိုင်းလိုက်သည်။
နှောင်း အလွန်ဝါသနာပါသော စာရေးချင်း အလုပ်ကို ဆက်မလုပ်တော့။
နှောင်း ယောက်ျားလေး သူငယ်ချင်းများနှင့် လုံးဝ အဆက်အသွယ် မရှိတော့။
“လုပ်ချင်လည်းလုပ်လေ။” ရွဲ့ပြောနေသော်လည်း မောင်မကြိုက်တာတွေ နှောင်းအလိုလို ရှောင်ပြီးသား ဖြစ်သည်။
“full-scholor ရတာကိုများအေ။ အံ့ပါရဲ့။” “မွှန်နေတာနေမှာ။” “ရည်းစားများအေ။ အဲလောက် ကြောက်နေစရာ မလိုပါဘူး။”
ပတ်ဝန်းကျင် ကပြောတာတွေ ခင်နားပိတ်ထားသည်။
“နှောင်း အဲဒါက ၅နှစ်တောင် တက်ရမှာ။ ပြန်လာလို့လည်း မရဘူး။ မောင်တို့ အသက်အရွယ်တွေက ငယ်တော့တာ မဟုတ်ဘူး။ နှောင်းသဘောပါ။”
မောင်မတားပေမယ့် နှောင်းမသွားဖြစ်တော့ပါ။ အိမ်ကိုတော့ သူမသိပ်စိတ်မ၀င်စားသော ဘာသာရပ် ဖြစ်နေလို့ လို့ညာလိုက်သည်။
မောင်နဲ့ အဲလိုဘယ်နေရာမှ မတူပေမယ့်လည်း သူမတို့အချစ်တွေ တူညီတယ်လို့ နှောင်းထင်ခဲ့သည်သာ။
xxxxxxxxxxxxxxxxxxxxx
ပတ်ဝန်းကျင်နဲ့ တဖြည်းဖြည်း နှောင်း ဝေးကွာလာခဲ့သော်လည်း မောင်နဲ့ နီးစပ်ခဲ့သည် မဟုတ်ပါ။
မောင်တို့ မငယ်တော့ဘူးဟု မောင်ပြောခဲ့သော်လည်း အခုအချိန်ထိ နှောင်းတို့ ရှေ့ရေးအတွက် မောင်မစဉ်းစားသေးပါ။
“မောင့် မိဘတွေက ပင်စင်ယူကုန်ပြီ။ ခင့်လိုမဟုတ်ဘူး။ မောင်က အိမ်မှာအကြီးဆုံး။ မောင်ညီမတွေ မောင်မလုပ်ပေး ဘယ်သူလုပ်ပေးမှာလဲ။ နှောင်း နည်းနည်း နားလည်မှပေါ့။”
“မောင် သူတို့လည်း ဘွဲ့တွေရပြီးကုန်ပြီလေ။ ငယ်တော့တာမှ မဟုတ်တာ။” လို့ နှောင်းပြောရင်ဖြင့် ..
“မောင် အိမ်ကိုပြည့်စုံအောင် လုပ်ပေးချင်သေးတယ်။”
“အင်း ပြည့်စုံအောင် လုပ်ပေးနေရင်တော့ နှောင်းတို့ ဘယ်တော့မှ နီးတော့မှာ မဟုတ်ဘူး။ မောင့် ညီမတွေကလည်း တချိန်လုံး..”
“နေပါဦး မောင့်ညီမတွေက နှောင်းကို ဘာလုပ်နေလို့ နှောင်းက ဒီလောက် မုန်းနေရတာလဲ။ နှောင်းကိုလည်း မောင်လိုအပ်တာတွေဆို ဖြည့်ဆည်း ဂရုစိုက် လုပ်ပေးနေတာပဲ။ စိတ်ညစ်တယ်။ အဟုတ်။ နားလည်မှုကို မရှိဘူး။”
မောင့်ကို သိပ်ချစ်နေလို့၊ သိပ်ပြီး အားကိုးနေလို့  မုန်းတာပေါ့မောင်။ မိန်းကလေးတွေ သဘာဝ။ မောင်ဒါကို ဘာလို့များ မသိချင်ယောင် ဆောင်နေရတာပါလိမ့်။
နားမလည်တာက နှောင်းလား၊ မောင်လား။
ဘာပဲပြောပြော မောင့်မိသားစုနှင့် ယှဉ်လျှင် နှောင်း နောက်ကောက်ကျတာပါပဲ။ အခါခါငို၊ အခါခါ နာကျင်ခဲ့ရ။
တခါတခါမောင် နှောင်းကို ဘယ်နေရာမှာများ ထားတာပါလိမ့်။ နှောင်းဟာ မောင့်အတွက် ဘာများပါလိမ့်။
အခုအချိန်မှာတော့ နှောင်း တကယ်ကို မသိချင်တော့ပါဘူး။
xxxxxxxxxxxxxxxxxxxxx

မောင့်အတွက် အချစ်ဆိုတာ ဘာလိုအရာများလဲမောင်။
နှောင်းသိခဲ့တဲ့ အချစ်ဆိုတာကတော့ အနိုင်ကျင့်မှု၊ အတ္တကြီးမှု၊ နားလည်မှုခမ်းခြောက်ခြင်း၊ နာကျင်ခြင်း…..
နှောင်းနားလည်ခဲ့ရတဲ့ အချစ်ဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် နာကျင်အောင်လုပ်ပြီး ပြစ်တင်ဝေဖန်မှု တွေပါပဲ။
နှောင်းလည်း မှားခဲ့ပါလိမ့်မယ် မောင်။
ဒါပေမယ့် နှောင်းမှာနောက်ဆုံးကျန်ခဲ့တာတော့ မောင့်ကို ကြောက်ရွံ့မှုတွေနဲ့၊ နာကျင်မှုတွေကို မမေ့ပျောက်နိုင်တဲ့ စိတ်တွေပါပဲ။
နောက်ပြီး အဲဒီနာကျင်မှုတွေကို နောက်ထပ် ထပ်မလိုချင်တဲ့ စိတ်တွေပါပဲ။
နှောင်းတို့ နောက်ဆုံးတက်ခဲ့တဲ့ကိစ္စကတော့ သိပ်ကြီးကြီးမားမား မဟုတ်ပါဘူးလေ။ သူမ မသွားစေချင်သည့်နေရာ တစ်ခုကို တားနေတဲ့ကြားက မောင်သွားခဲ့လို့ ဖြစ်ခဲ့တာပါ။
အဲဒီနေ့က အတင်းထွက်သွားတဲ့ မောင့်ကျောပြင်ကို ငေးပြီး ရင်ထဲမှာ အချစ်တွေ၊ အမုန်းတွေမရှိဘဲ ဟာနေသည်။
နောက် သူမ ဒီဆုံးဖြတ်ချက်ကို ချခဲ့သည်။
မောင်နဲ့သူမ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သေချာသွားတဲ့ နေ့တစ်နေ့ပေါ့။
နှောင်းခဏနားထားသောကျောင်း ပြန်လျှောက်လိုက်သည်။
လိုက်လာလို့ရရင်တောင်မှ မိသားစုဆန္ဒကိုကျော်ပြီး မောင် သူမဆီ ဘယ်တော့မှ လိုက်လာမည် မဟုတ်ပါ။
တခါတခါ လူတစ်ယောက်ကို အလုံးစုံ နားလည်မနေတာက ပိုကောင်းပါလိမ့်မည်။
xxxxxxxxxxxxxxxxxxxxx
သူမ နက်ဖြန်ခါ ဒီမြေပေါ်မှာ မရှိတော့ဘူးဆိုတာ သိရင် မောင်ဘယ်လိုများ နေမှာပါလိမ့်??
နှောင်းနဲ့ တသက်လုံး လုံးဝတွေ့ဖို့ မဖြစ်နိုင်တော့ဘူးဆို မောင်ဘယ်လို ဖြစ်နေမှာပါလိမ့်??
မောင့်ပုံစံကို ပုံဖော်ကြည့်မိရင်း ရင်ထဲမှာ စစ်ကနဲ နာကျင်မိသော်လည်း သူမနှုတ်ခမ်းတွေက ပြုံးနေမိသည်။
ချစ်ခြင်းတရားနောက် သူတို့တွေ ကောက်ကောက်ပါအောင် လိုက်ခဲ့ကြသည်။
အချစ်ဆိုတာကို ရှာဖွေခဲ့ကြသည်။
ရှာဖွေတွေ့ရှိပြီဟု ထင်ခဲ့ကြသည်။

တကယ်တော့ …
တကယ်တော့ ..
မောင်ရော၊ သူမပါ ချစ်ခြင်းမေတ္ထာအကြောင်း သင်ကြားဖို့ လိုနေသေးသော သူများသာ ဖြစ်ပါသည်။

ဆွေးနွေးခန်း

Cbox
Onlinephuusarwebsite
hosted by Cbox.ws


ကဗျာရှိုးဖိတ်ခေါ်ခြင်း

မိမိ တို့ ကိုယ်ပိုင်စိတ်ကူးဖြင့်ရေးစပ်ထားသော ကဗျာများပေးပို့ရမည်ဖြစ်သည် ပေးပို့သောကဗျာများအား အွန်လိုင်းဖူးစာwebsite တွင်အသုံးပြုပေးပါမည်။ တစ်ပတ်အတွင်း comments အများဆုံးပေးခံရသူအယောက်(၂၀)အား ဆိုဒ်တာဝန်ခံ ကျွှန်တော် ရှိုင်းသူအောင်(motherlove.son528@gmail.com) မှ မိမိတို့စိတ်ကြိုက် Flashsong တစ်ပုဒ် ကို ရေးသားပေးသွားမည်ဖြစ်ပါသည်။ အားပေးမှုကို အထူးပင်ကျေးဇူးတင် ပါသည်....။

Text widget

အမှတ်(၁)ရပ်ကွပ်၊နယ်မြေ(၄)
ရန်ကုန်-မန္တလေးလမ်း၊
" အမှတ်(၉၅၉)ဆောက်လုပ်ရေး
အင်ဂျင်နိယာတပ်ခွဲ၊လားရှိုးမြို့။ "

(ရှိုင်းသူအောင်) အွန်လိုင်းဖူးစာ website

ဂျူး၏ဝတ္ထုများအပိုင်း(၁)

ဂျူး - ">ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့ ဂျူး - ">လရဲ့အောက်ဖက်မိုင်အဝေးမှာ ဂျူး - ကံကြမာကိုမယုံကြသူများ ဂျူး - ကျွန်မ၏သစ်ပင် ဂျူး -ကြယ်ကြွေတို့အတောင်ပံ ဂျူး - ကျွန်မချစ်တြဲ့မို့တစ်မြို့ ဂျူး - ချစ်သူရေးတဲ့ကျွန်မ၏ည ဂျူး - မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက် ဂျူး - ကြယ်စင်တံတားကမ်းပါးနှင်းဖြူ ဂျူး-ဆဲတတ်သူများနှင့် တစ်ညနေ ဂျူး- ကျွန်မတို့မိန်းမတွေ - ၀တ္ထုတို ဂျူး - ရဲရင့်သော နှလုံးသား-၀တ္ထုတို ဂျူး - တွေ့ချင်လှပြီ-၀တ္ထုတို ဂျုး - အ၀ါရောင်ရထား (၀တ္ထုတို) ဂျူး - ရေမျောသီး - ၀တ္ထုတို ဂျူး - ဖျားနေတဲ့မြို့-၀တ္ထုတို ဂျူး - နာမည်နဲ့အသက်-၀တ္ထုတို ဂျူး - မိန်းမနှစ်ယောက်-၀တ္ထုတို ဂျူး - အနှပညာရှင်များနဲ့စံလက်ရာများ - ၀တ္ထုတို ဂျူး - ကောင်းကင်မပါသောည (၀တ္ထုတို) ဂျူး - သူတို့တွန်းအားကြောင့်ကျွန် တော်လုပ်မိသွားတာပါ ဂျူး - မြရဲ့လ-၀တ္ထုတို ဂျူး - ကမ္ဘာမြေရဲ့ချစ်သူ
Best Blogspot Templates 2013